ရတနာပုံတိရစ္ဆာန်ဥယျာဉ်

ရတနာပုံတိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

Keeper Talks

ငှက်ကြီးဝန်ပို Keeper Talk

https://maps.app.goo.gl/YJE1Bhb9BcXzdAGaA
နေ့စဉ်
၉:၃၀ နာရီ

ငှက်ကြီးဝန်ပို (Pelican) များသည် ကြီးမားသော ရေနေငှက်မျိုးစိတ်များဖြစ်ပြီး ရေ ၃ ဂါလံ ခန့်အထိ ဆံ့သော ၎င်းတို့၏ ထူးခြားသည့် ဇလုတ်ကြောင့် လူသိများကြပါသည်။ ထိုအိတ်သည် ငါးဖမ်းရန်နှင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိရန် အထောက်အကူပြုပါသည်။ ကမ္ဘာတစ်ဝန်းတွင် ဝန်ပိုငှက် မျိုးစိတ် ၈ မျိုးရှိပြီး ၎င်းတို့အနက် Dalmatian Pelican မှာ အကြီးဆုံးဖြစ်ကာ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် Spot-billed Pelican ကိုမူ ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် မွေးမြူထိန်းသိမ်းထားပါသည်။

ဖျံမွှေးချော

https://maps.app.goo.gl/6BZFJSqEa2hGXGPf8
နေ့စဉ်
၁၀:၀၀ နာရီ

ဖျံမွှေးချော (Smooth-coated Otter) သည် မြန်မာနိုင်ငံတွင် တွေ့ရှိရသော ဖျံမျိုးစိတ် (၂) မျိုးအနက် တစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် အကြီးဆုံးဖျံမျိုးစိတ် ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများ ချောမွေ့ပြောင်လက်နေခြင်းကြောင့် လူသိများသည်။ ၎င်းတို့သည် မြစ်များ၊ အင်းအိုင်များနှင့် ဒီရေတောဒေသများတွင် နေထိုင်ပြီး အဓိကအားဖြင့် ငါးများကို အစားအစာအဖြစ် စားသုံးကြသည်။ ဖျံမွှေးချောများသည် တစ်လင်တစ်မယား စနစ်ဖြင့် နေထိုင်ကြပြီး တစ်နှစ်လျှင် တစ်ကြိမ်ခန့် သားပေါက်ကာ တစ်ကြိမ်လျှင် (၂) ကောင်မှ (၅) ကောင်အထိ မွေးဖွားတတ်သည်။ သို့သော်လည်း နေရင်းဒေသပျက်စီးလာမှု၊ ရေညစ်ညမ်းမှုနှင့် အမဲလိုက်ခြင်းများကြောင့် မျိုးသုဉ်းမှုအန္တရာယ်ကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံတွင် ဥပဒေအရ ကာကွယ်ထားသော မျိုးစိတ်အဖြစ် သတ်မှတ်ထားပါသည်။

မျောက်စပ်

https://maps.app.goo.gl/waZYbJEuo64EVoA49
နေ့စဉ်
၁၀:၃၀ နာရီ

မျောက်စပ်များသည် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တောင်ပိုင်း ၊ အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတစ်ခွင်တွင် ကျယ်ပြန့်စွာ နေထိုင်ကျက်စားသော အလတ်စား အရွယ်အစားရှိ ပရိုင်းမိတ်မျိုးစိတ်များ ဖြစ်ကြသည်။ ၎င်းတို့သည် သစ်တောများ၊ မြက်ခင်းပြင်များမှသည် မြို့ပြဒေသများအထိ ပတ်ဝန်းကျင်အမျိုးမျိုးတွင် လိုက်လျောညီထွေစွာ ရှင်သန်နိုင်စွမ်း မြင့်မားကြသည်။ အစုံစားသတ္တဝါ အသီးအနှံများ၊ အစေ့အဆန်များ၊ အင်းဆက်များနှင့် သေးငယ်သော သတ္တဝါများကိုလည်းစားသုံးကြပါသည်။ အုပ်စုဖွဲ့နေထိုင်ကြပြီး ထင်ရှားသည့်အထီးမှ ဦးဆောင်လေ့ရှိကြပြီး အလွန်ဉာဏ်ရည်ထက်မြက်ကာ ရှုပ်ထွေးသော လူမှုရေးအပြုအမူများ ရှိကြသည်။ မျိုးအမများသည် အသက် ၃-၄ နှစ်တွင်လည်းကောင်း၊ အထီးများသည် အသက် ၄-၅ နှစ်တွင်လည်းကောင်း အရွယ်ရောက်ကြပြီး ကိုယ်ဝန်ဆောင်ကာလမှာ ရက်ပေါင်း ၁၆၅ ရက်ခန့် ကြာမြင့်ကာ တစ်ကြိမ်လျှင် သားငယ်တစ်ကောင်သာ မွေးဖွားလေ့ရှိသည်။

မြေပြန့်မြင်းကျား

https://maps.app.goo.gl/92yPsiSS37axJySd9
နေ့စဉ်
၁၁:၃၀ နာရီ

ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် မြေပြန့်မြင်းကျား (Plains Zebra) များသည် မူလက အာဖရိကဆာဗားနား မြက်ခင်းပြင်များတွင် နေထိုင်ကျက်စားသော အသီးအရွက်စား သတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့၏ ထူးခြားချက်မှာ တစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင်အစင်းကြောင်းများမှာ လူတို့၏လက်ဗွေရာကဲ့သို့ပင် တစ်ကောင်နှင့်တစ်ကောင် လုံးဝမတူညီဘဲ ကွဲပြားခြားနားနေခြင်း ဖြစ်သည်။ အုပ်စုဖွဲ့နေထိုင်တတ်သည့် မြင်းကျားများသည် အမြင်အာရုံနှင့် အကြားအာရုံ အလွန်ထက်မြက်သူများဖြစ်ပြီး၊ သားရဲတိရစ္ဆာန်များထံမှ လွတ်မြောက်ရန်အတွက် တစ်နာရီလျှင် မိုင် ၄၀ အထိ လျင်မြန်စွာ ပြေးလွှားနိုင်စွမ်းရှိသည်။ ထို့အပြင် အန္တရာယ်ကင်းရှင်းစွာ အနားယူနိုင်ရန်အတွက် မတ်တပ်ရပ်၍ အိပ်စက်တတ်သည့် ထူးခြားသော အမူအကျင့်လည်း ရှိသည်။ မျိုးပွားမှုဆိုင်ရာ ဝိသေသများအရ အသက် ၃ နှစ်တွင် အရွယ်ရောက်ပြီး ကိုယ်ဝန်ဆောင်ကာလမှာ ၁၂ လမှ ၁၃ လခန့်အထိ ကြာမြင့်ကာ တစ်ကြိမ်လျှင် သားငယ် ၁ ကောင်သာ မွေးဖွားလေ့ရှိသည်။ မြင်းကျားများ၏ ပျမ်းမျှသက်တမ်းမှာ အနှစ် ၂၀ မှ ၃၀ အထိ ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်များတွင်မူ ပိုမိုသက်ရှည်စွာ နေထိုင်နိုင်ကြပါသည်။

ဆင်

https://maps.app.goo.gl/bMek73eNpMBwzec57
နေ့စဉ်
၁၄:၃၀ နာရီ

ဆင်များသည် ကုန်းနေ နို့တိုက်သတ္တဝါများအနက်ခန္ဓာကိုယ်အရွယ်အစား အကြီးဆုံး ဖြစ်ပြီး အာရှဆင်နှင့် အာဖရိကဆင် ဟူ၍ မျိုးစိတ် (၂) မျိုးရှိပါသည်။ အာရှဆင်များကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၁၃) နိုင်ငံတွင် တွေ့ရှိနိုင်ပြီး အများအားဖြင့် အသက်ကြီးသော ဆင်မတစ်ကောင် ဦးဆောင်သည့် အုပ်စုများဖြင့် နေထိုင်ကြသည်။ ဆင်များသည် အသီးအရွက်စားသတ္တဝါများ ဖြစ်ပြီး တစ်နေ့လျှင် အပင်အစားအစာများကို အများအပြား စားသုံးကြသည်။ ထို့အပြင် ရေဖျန်းခြင်း၊ ရွံ့နှင့်ဖုန်လိမ်းခြင်း၊ နားရွက်ခတ်ခြင်း စသည့်နည်းလမ်းများဖြင့် ခန္ဓာကိုယ်အပူချိန်ကို လျော့ချကြသည်။ ဆင်များသည် ဉာဏ်ရည်မြင့်မားပြီး မှတ်ဉာဏ်ကောင်းသော တိရစ္ဆာန်များ ဟုလည်း လူသိများကြသည်။ ဆင်များသည် အသက် (၁၀ မှ ၁၅) နှစ်အတွင်း မိတ်လိုက်သားပေါက်ရန် အရွယ်ရောက် ကြပြီး ကိုယ်ဝန်ဆောင်ကာလ (၁၈ မှ ၂၂) လအကြာတွင် ဆင်ပေါက်တစ်ကောင်သာ မွေးဖွားလေ့ရှိသည်။ သဘာဝတောထဲတွင် ပျမ်းမျှ (၆၀ မှ ၇၀) နှစ်ခန့် အသက်ရှင်နိုင်ကြသည်။

ရွှေသမင်

https://maps.app.goo.gl/oamYHyEkHomPxrVN8
နေ့စဉ်
၁၅:၃၀ နာရီ

ရွှေသမင် (Eld's Deer/Thamin) သည် မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာ ဒေသရင်းမျိုးစိတ် (Endemic Species) တစ်ခုဖြစ်ပြီး အင်တိုင်းတော၊ ဆူးခြုံတောနှင့် ရွက်ပြတ်ရောနှောတောခြောက်များတွင် အဓိက ကျက်စားလေ့ရှိသည်။ ရုပ်သွင်အားဖြင့် နီညိုရောင်ရှိသော ခန္ဓာကိုယ်မှာ သွယ်လျပြီး အထီးများတွင်မူ ထူးခြားလှပသည့် လေးကိုင်းပုံသဏ္ဍာန် ဦးချိုများနှင့် လည်ဆံမွှေးများ ပါရှိသည်။ ၎င်းတို့သည် တစ်နှစ်လျှင် တစ်ကြိမ် (ဇွန်-ဇူလိုင်လများတွင်) ဦးချိုလဲလှယ်လေ့ရှိပြီး အစားအစာအဖြစ် မြက်နု၊ သစ်ရွက်နုနှင့် သစ်သီးများကို စားသုံးကြသည်။